မီးဖွားပြီးလို့ ဆီးမထိန်းနိုင်တာကို ဘယ်လို သက်သာစေမလဲ
မီးဖွားပြီးချိန်မှာ မေမေတိုင်း ဂရုစိုက်မိနိုင်တာက ကလေး ကျန်းမာဖို့ကိုဟုတ်။ မီးဖွားပြီးချိန်မှာ ကလေးကို ဂရုစိုက်ရင်း ကိုယ်တိုင် ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်တာက မေမေတိုင်းမှာ ဖြစ်တတ်တဲ့ အချက် တစ်ခုပါပဲ။
မီးဖွားပြီးချိန်မှာ ကိုးလလွယ် ဆယ်လဖွားထားတဲ့ သားသမီးတွေ နည်းတူ ကလေးတွကို မွေးဖွားထားရတဲ့ မေမေတို့ရဲ့ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ မီးဖွားပြီးချိန်မှာ မေမေတို့မှာ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာလေးတွေ ရှိပါတယ်။ ဒါကတော့ ဆီးမထိန်းနိုင်တာ၊ သားအိမ်က သွေးထွက်တာ နဲ့ အခြားသော ကျန်းမာရေး အခြေအနေတွေပေါ့။
အခုတစ်ခေါက်မှာတော့ မေမေတို့မှာ ခံစားရနိုင်တဲ့ မီးဖွားပြီးချိန် ဆီးမထိန်းနိုင်တာကို သက်သာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဆီးမထိန်းနိုင် ဖြစ်ရတဲ့ အကြောင်းအရင်း
ရင်သွေးလေးကို လွယ်ထားရချိန်မှာဖြစ်ဖြစ် မီးဖွားပြီးချိန်မှာဖြစ်ဖြစ် ဆီးမထိန်းနိုင်တာကို ခံစားနေရတာက ကလေးရဲ့ ခန္ဓာကိုယ် အလေးချိန်က ဆီးအိမ်ပေါ်ကို အချိန်ကြာမြင့်စွာ ပိနေတာ၊ ဆီးအိမ်နဲ့ တင်ပဆုံး ကြွက်သာပေါ်မှာ အလေးချိန် သက်ရောက်မှု များတာတွေက ကြွက်သားတွေကို လျော့ရဲစေပြီး ဆီးမထိန်းနိုင်တာကို ဖြစ်စေတာပါ။
မီးဖွားပြီးချိန် ဆီးမထိန်းနိုင်တာကို သက်သာစေဖို့
မီးဖွားပြီးချိန် ဆီးမထိန်းနိုင်တာကို သက်သာစေဖို့ဆိုရင် အခုပြောပြမယ့် နည်းလမ်းလေးတွေက အဆင်ပြေစေမှာ ပါ။
Bladder Control Pad လေး အသုံးပြုပါ
Bladder control pads လေးက သယ်ရလွယ်သလို အမျိုးသမီး လစဉသုံး ပစ္စည်းလေးလိုပဲ အသုံးပြုရတာလည်း လွယ်ပါတယ်။ ဆီးထွက်ကျတာကြောင့် ခဏခဏ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ Bladder control pads ကို အသုံးပြုပေးလို့ ရပါတယ်။
Kegel လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ ဖြစ်နိုင်တယ်ဆိုရင်တော့ တင်ပဆုံ ကြွက်သားတွေ သန်မာစေဖို့အတွက် တင်ပဆုံကြွက်သားကို ညှစ်ပေးနိုင်တဲ့ Kegel လေ့ကျင့်ခန်းလေး လုပ်ပေးပါ။ ၁၀ စက္ကန့်လောက် ကြွက်သားကို ညှစ်လိုက် ဖြေလျှော့လိုက် လုပ်ပေးပါ။
နေ့စဉ် နေထိုင်မှုပုံစံ ပြောင်းလဲပေးပါ
မီးဖွားပြီးချိန် ဆီးမထိန်းနိုင်တာကို သက်သာစေဖို့အတွက် နေ့စဉ် နေထိုင် စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုပါမယ်။ ဒါကြောင့် -
- အာဟာရပြည့်ဝမျှတအောင် စားပါ - နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးတာက အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ရရှိစေပြီး ဆီးအိမ်ပေါ်မှာ အပိုဝန်တွေ မပိစေဖို့ ထောက်ကူပေးမှာပါ။ ကဖင်းများတာ၊ အစပ်ကဲတာ၊ အငန်ကဲတာမျိုးတွေကိုတော့ ရှောင်ပါ။
- ရေများများ သောက်ပါ - တစ်နေ့ကို ရေ ၈ ခွက်သောက်တာက ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်သလို မီးဖွားပြီးချိန် ဆီးမထိန်းနိုငတာကိုလည်း သက်သာစေနိုင်ပါတယ်။
- ကိုယ်အလေးချိန် ထိန်းပါ - ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိအောင် ထိန်းထားတာက မီးဖွားပြီးချိန်မှာ ဆီးမထိန်းနိုင်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
လိုအပ်တဲ့ ကုသမှု ခံယူပါ
အပေါ်က နည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပေမယ့် မသက်သာဘူးဖြစ်မယ် ဒါမှမဟုတ် ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
မီးဖွားပြီးချိန်မှာ ဆီးမထိန်းနိုင်တာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်ဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးပါရစေနော်။
မွန်မွန်